မြက်ခင်းနှင့် ကန္တာရများ – အပိုင်း (၃)

စိတ်ညစ်ညူးစရာ ကိစ္စများ တော်လောက်ပါပြီ။ ကျွန်ုပ်တို့၌ မျှော်လင့်ချက် ရှိပါသေးသည်။ နောက်ဆုံးမှတော့ ကမ္ဘာ့မြက်ခင်းပြင်များနှင့် ၎င်းတို့၏ တိရစ္ဆာန်ကြီးများကို ပြန်ထူထောင်ကြတော့မည့် အချိန်ရောက်ပြီထင်သည်။ ဥပမာ ပရက်ဇ်ဝေါ့စကီ မြင်းရိုင်းကိစ္စကို ကြည့်ပါ။ ၎င်းကို မွန်ဂိုးလီးယားပြည် တောင်တန်းများပေါ်မှ ကမ္ဘာ့နောက်ဆုံး မြင်းရိုင်းဖြစ်မည်ဟု ယူဆခဲ့သည့် ၁၉ရာစု ရုရှားလူမျိုး စူးစမ်းလေ့လာသူတစ်ဦး[i]ကို အစွဲပြု၍ ထိုအမည်ရထားပါသည်။

ပရက်ဇ်ဝေါ့စကီမြင်းသည် အမဲလိုက်ပစ်ခတ်မှုကြောင့် ၁၉၆၀ပြည့်လွန်နှစ်များတွင် တောထဲ၌ မျိုးသုဉ်းသွားခဲ့သည်။ တိရစ္ဆာန်ရုံ များ၌သာ အကောင်ရေတစ်ဒါဇင်ခန့် ကျန်ရှိခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် ထိန်းသိမ်းသားဖောက်ရေး (captive breeding) အစီအစဉ် တစ်ခုစတင်ခဲ့ပြီး ၁၉၉၂ခုနှစ်တွင် ထိုအစီအစဉ်မှ ပေါက်ပွားသည့် ပထမမျိုးဆက်သစ်တို့ကို မွန်ဂိုးလီးယားနိုင်ငံတွင် ပြန်လွှတ်ပေး နိုင်ခဲ့သည်။ ၎င်းသည် အင်မတန် ရှေးကျသည့် မြင်းယဉ်တစ်မျိုးနှင့် အမျိုးနွယ်ပြီး၊ လက်ရှိ၌ မြင်းယဉ်အားလုံးနှင့် အမျိုးအနီးစပ်ဆုံး ဖြစ်မည့် မြင်းရိုင်းဖြစ်သည်။ ယခုအခါ သူတို့ကို  ကမ္ဘာ့နေရာအနှံ့အပြားတွင် ပြန်လွှတ်ထားသည်ဖြစ်ရာ၊ ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်း နျူကလိယ ဓာတ်ပေါင်းဖိုပျက်ကြီး၏ ဓာတ်ရောင်ခြည်သင့် ကန့်သတ်နယ်မြေတွင် လွှတ်ထားသည့် အကောင်ရေ အနည်းငယ် အပါအဝင် ယခုအခါတွင် အကောင်ရေ (၂,၀၀၀) ခန့် ရှိလာပြီ ဖြစ်သည်။ ဓာတ်ပေါင်းဖိုပျက် ကန့်သတ်နယ်မြေရှိ မြင်းရိုင်းများမှာ ဓာတ်ရောင်ခြည် အနည်းငယ်သင့်နေသော်လည်း၊ ထိုသို့ လူသူကင်းမဲ့သည့်နေရာမျိုးတွင် ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ကြ ပါသည်။

မြက်ခင်းတိရစ္ဆာန်တို့ကို ပြန်ထူထောင်ရာ၍ အရေးအကြီးဆုံး အချက်အနေဖြင့် မြေနေရာ အလုံအလောက် ရှိဖို့ လိုပါသည်။ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်၌ ဘိုးဘေးဘီဘင် သဘာဝမြက်ခင်းပြင် မည်မျှ ကျန်ရှိပါသေးသနည်း။ စိုက်ပျိုးမြေနှင့် လူနေအိမ်ခြေအတွက် မူလမြက်ခင်းလွင်ပြင် စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ကို ဆုံးရှုံးလိုက်ရပြီး ဖြစ်သည်။ ထိုဧရိယာသည် ဩစတြေးလျတိုက် နီးပါးရှိပါသည်။ ကမ္ဘာ့မြက်ခင်း စုစုပေါင်း၏ (၇.၆) ရာခိုင်နှုန်းကိုသာလျှင် ဥပဒေအရ ကာကွယ်ထားသည်။ သမပိုင်းမြက်ခင်း အများစုမှာ စိုက်ပျိုးရေးအတွက် သိမ်းခံလိုက်ရသော်လည်း တန်ဒရာနှင့် အပူပိုင်းဇုံတို့တွင် မြက်ခင်း သုံးပုံနှစ်ပုံခန့် ကျန်ပါသေးသည်။ ထိုမြက်ခင်း အတော်များများတွင် အလေ့ကျမြက်များ ပေါက်ဆဲဖြစ်ပြီး ဝင်းခြံ၊ စည်းရိုးခတ် မထားရသေးပါ။

မြက်ခင်းအများဆုံးပိုင်သည့် နိုင်ငံများကို ရှာကြည့်လျှင် အားလုံးမှာ အာဖရိကနိုင်ငံများ ဖြစ်နေပါသည်။ မြက်ခင်းအားလုံး၏ နန်းစဉ်ရတနာသဖွယ် ဖြစ်ချေသော ဆာရန်ဂတ်တီ လွင်ပြင်ကြီး တည်ရှိသည့် တန်ဇန်းနီးယားနှင့် ကင်ညာနိုင်ငံတို့နှင့်အတူ ဘန်နင်နိုင်ငံ (Benin)ဗဟိုအာဖရိက သမ္မတနိုင်ငံ (Central African Republic)၊ ဘော့စွာနာ (Botswana)၊ တိုဂို (Togo)နှင့် ဆိုမာလီယာ (Somalia) နိုင်ငံတို့သည် ထိုစာရင်းထိပ်ဆုံး၌ ရှိနေပါသည်။ ၎င်းတို့ကို မဖြစ်မနေ ကာကွယ်ရပါမည်။ သို့သော် အခြားနေရာများစွာ၌လည်း တောရိုင်းမြက်ခင်းပြင်များ ပြန်ဖန်တီးပေးရန် များစွာ လိုအပ်နေသည်။ ထို့အတွက် လုပ်လည်းလုပ်နေပြီ ဖြစ်သည်။ ခရီးသွားလုပ်ငန်းအတွက်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သို့မဟုတ် ရေမြေခြားတိရစ္ဆာန်များ မွေးမြူရန်အတွက်နှင့် မြက်ခင်းဟောင်းများကို ရည်ရွယ်ချက်ရှိရှိ ပြန်ပြုစုပျိုးထောင်လာကြောင်း တွေ့ရပါသည်။

အနောက်ဥရောပနှင့် ဥရောပအလယ်ပိုင်းတို့တွင် မြက်ခင်းပြင်များကို ပြန်ထူထောင်နေကြသည်မှာ ပေါ်တူဂီမှသည် ပင်လယ်နက်ကမ်းခြေပေါ်က ဒန်းညုမြစ်ဝအထိတိုင်၊ အီတလီ၏ အယ်လပိုင်း မြက်ခင်းပြင်များမှသည် ဆမ်မီ (Sami) တိုင်းရင်းသားတို့ နေထိုင်သည့် လပ်ပလန်း (Lapland) ဒေသက ဒရယ်စားကျက်များအထိတိုင် ဖြစ်သည်။ သို့သော် မြက်ခင်း ပြန်ထူထောင်ရေးအတွက် အားအရဆုံကြွေးကြော်သံမှာ မြောက်အမေရိကတိုက်မှ ဖြစ်ပါသည်။


စားကျက်မြေပေါ် ပြန်လည်ရောက်ရှိ
မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရာမှ ပြန်ထူထောင်ပေးထားရသည့် အမေရိကန်ဘိုင်ဆင်ကျွဲသည် ၎င်းတို့၏ ရှေးယခင်စားကျက်နယ်မြေထဲက ပရယ်ရီမြက်ခင်းများပေါ်တွင် ပြန်ကျက်စားခွင့်ရလာကြသည်။ မူလက အကောင်ရေ သန်းချီရှိခဲ့ရာမှ ၁၉ရာစုထဲတွင် အကောင် (၃၅၀) ခန့်သာ ကျန်တော့သည်။ သို့သော် ‘မြောက်အမေရိက ဆာရန်ဂတ်တီ’တစ်ခု ဖန်တီးရန် အစီအစဉ်ဖြင့် မြက်ခင်းများကို ဘေးမဲ့ပေးလာသည်အမျှ၊ အကောင်ရေ တဖြည်းဖြည်းချင်း ပြန်တိုးပွားနေပါသည်။
(ဓာတ်ပုံ –  Ingo Arndt)

မြောက်အမေရိကတိုက်၏ ဂရိတ်ပလိန်းစ် မြေပြန့်ဒေသကြီးကို ဥရောပသားတို့ စတင်အာရုံစိုက်လာချိန်၌ ၎င်းသည် မြေလွတ်မြေရိုင်း ဖြစ်ခဲ့ဖူးပြီး မိုင်ပေါင်းရာချီ၍ ဖြန့်ကျက်ထားသည့် ပရယ်ရီမြက်ရှည်ရှည်များပေါ် ဘိုင်ဆင်ကျွဲ သန်းပေါင်း (၆၀)ခန့် ကျက်စားခဲ့ဖူးပါသည်။ ဘိုင်ဆင်နှင့်အတူ ကူဂါတောင်ခြင်္သေ့ (cougar)၊ ဝံပုလွေ၊ ဂရစ်ဇလီ ဝက်ဝံ (grizzly bear)အဲ့လ်ခ် သမင် (elk) များ ရှိသလို ပရယ်ရီ‘ခွေး’ရှဉ့် (prairie dog) သန်း (၅၀၀) ခန့်လည်း ရှိပါသည်။ ပရယ်ရီ‘ခွေး’ရှဉ့်တို့၏ မြေကျင်းကိုလိုနီများသည် လွန်စွာကြီးမားကျယ်ပြန့်ရကား ‘town’ (‘ရှဉ့်မြို့’) ဟုပင် ခေါ်ကြသည်။ ထိုအချိန်တွင် ဒေသခံ အမေရိကန် အင်ဒီယန်း ဆယ်သန်းခန့်ကလည်း ဤလွင်ပြင်ကြီး၏ သဘာဝဆုလာဒ်များအပေါ် မှီတင်းနေထိုင်ခဲ့ဖူးသည်။

သို့ရာတွင် ကမ္ဘာဟောင်းမှ မြင်းကိုစီးပြီး ရောက်လာသော ဥရောပသားတို့က ထိုပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အမေရိကန် အင်ဒီးယန်းတို့ကို စစ်တိုက်သိမ်းပိုက်ခဲ့သည်။ ၁၉ရာစု၏ နောက်ဆုံးဆယ်စုနှစ်များတွင် ဘိုင်ဆင်ကျွဲတို့ကို သတ်ဖြတ်ခဲ့ကြသည်မှာ လူ့သမိုင်းတွင် တိရစ္ဆာန်ကြီးများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သမျှအနက် အဆိုးရွားဆုံးထဲတွင် ပါခဲ့သည်။ ဘိုင်ဆင်ကျွဲကြီးများကို အမဲရရန်သက်သက်အတွက် သတ်သည်မဟုတ်။ အမေရိကန် အင်ဒီးယန်းတို့ကို ရိက္ခာဖြတ်ရန်၊ စိုက်ပျိုးမွေးမြူစရာ မြေလုပ်ရန်၊ ဘိုင်ဆင်ကို သားရေဆုတ်ရန်၊ ရံဖန်ရံခါ၌ အပျော်သက်သက် တောကစားရန်အတွက်လည်းသတ်ခဲ့ကြသည်။ ၁၉ရာစုကုန်ဆုံးချိန်တွင် ဘိုင်ဆင်ကျွဲပေါင်း (၃၅၀) ခန့်သာ ကျန်ပါတော့သည်။ သို့သော် ယခုအခါ ယင်း အမြုတေလေးမှနေ၍ ပြန်လည်ပွားများနေပါပြီ။

ဂရိတ်ပလိန်းစ် လွင်ပြင်ပေါ်တွင် ယခုအခါ ဘိုင်ဆင်ကျွဲ အကောင်ရေ သန်းတစ်ဝက်ခန့် ပြန်ရှိလာပါပြီ။ သို့သော် ၎င်းတို့အများစုမှာ သဘာဝအတိုင်း ပွားများလာသည်တော့ မဟုတ်ပါ။ မွန်တန်တာပြည်နယ် (Montana) မြောက်ပိုင်း ကနေဒါ နယ်စပ်အနီးတွင် လူကုံထံ ပရဟိတလှုပ်ရှားသူတို့က ထွန်ယက်မထားရသေးသည့် နွားခြံမြေဟောင်း ဧက (၉၂,၀၀၀) ကျော်ကို ဝယ်ယူထားပြီး၊ ၎င်းထက် သုံးဆကျယ်သည့် နောက်ထပ် အစိုးရပိုင်မြေကိုပါ နှစ်ရှည်ငှားရမ်း၍ အမေရိကန် ပရယ်ရီ ဘေးမဲ့မြေ (American Prairie Reserve) ကို တည်ထောင်ခဲ့ကြသည်။ အနာဂတ်တွင် ၎င်းကို မြေဧက သုံးသန်းကျော်အထိ တိုးချဲ့နိုင်ရန်လည်း ရည်ရွယ်ထားပါသည်။

ထိုပရဟိတလှုပ်ရှားသူတို့က ဘိုင်ဆင်ကျွဲ အပြင် အခြားတိရစ္ဆာန်များ ပြန်ပွားများရေးအတွက်ပါ တာဝန်ယူ ထောက်ပံ့လျက် ရှိသည့်အနက်၊ ချိုနှစ်ခွ အင်တီလုတ်[ii] (pronghorn) (မြောက်အမေရိကတိုက်၏ အပြေးအသန်ဆုံး ကုန်းနို့တိုက်သတ္တဝါ)၊ ချိုကြီးသိုး (bighorn sheep)ပရယ်ရီခွေးရှဉ့် (prairie dog)၊ ကူဂါ တောင်ခြင်္သေ့၊ ခြေမည်း ဖားရက် (black-footed ferret) (မြောက်အမေရိကတိုက်၌ မျိုးသုဉ်းအန္တရာယ်အကြီးဆုံး နို့တိုက်သတ္တဝါတစ်မျိုး) တို့နှင့်အတူ သိမ်းငှက်နှင့် ရွှေလင်းယုန် စသည့် ပရယ်ရီငှက်များလည်း ပါဝင်ပါသည်။ ထိုဘေးမဲ့မြေ၏ ရေရှည် ဦးတည်ချက်မှာ အမေရိကတိုက်အတွက် ဆာရန်ဂတ်တီ တစ်ခု ပေါ်ပေါက်လာရေး ဖြစ်သည်။ ထို့အတွက် ဘိုင်ဆင်ကျွဲသည် မရှိမဖြစ် အရေးပါသည်။ သူတို့ မြက်စားပုံနှင့် ခွာဖြင့်နင်းကြိတ်ပုံ သာမက မြက်ခင်းပေါ်တွင် လှိမ့်ချတတ်သည့် ၎င်းတို့၏ အလေ့အကျင့်ကိုယ်၌ကပင်လျှင်၊ ဒေသခံ မြက်မျိုးစိတ်များ ပြန်ပေါက်ရန်၊ အင်းဆက်ပိုးများ ပေါက်ပွားရန် အားပေးပြီး အကြီးစားတောမီးများ ဖြစ်မလာအောင်လည်း ကူညီပေးပါလိမ့်မည်။

ဤသို့ဆိုလျှင် ဘိုင်ဆင်များ ပြန်ရောက်လာခြင်းသည်  ကမ္ဘာ့မြက်ခင်းပြင်ကြီးများ ပြန်နာလန်ထူမည့် ရှေ့ပြေးနိမိတ်ပေလော။ အခြားနေရာများတွင် တောရိုင်းတိရစ္ဆာန်များ ပြန်ရောက်လာရေးအတွက် ဘိုင်ဆင်တို့က ကင်းထောက်တပ်ဦး ပေလော။ လွန်ခဲ့သည့် ရာစုနှစ် တစ်ဝက်အတွင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထက်ဝက် ကွယ်ပျောက်သွားခဲ့ချေပြီ။ အကယ်၍ (မြေကျယ်ကျယ်လိုသည့်) ဘိုင်ဆင်ကျွဲအတွက်ပင် နေစရာ ရှာပေးနိုင်သေးသည်ဆိုလျှင်၊ အခြား တိရစ္ဆာန်ကြီးများ အတွက်လည်း သေချာပေါက် နေစရာ ရှာပေးနိုင်ရပါမည်။


ဘိုင်ဆင် ကျွဲထီးကြီး
မင်နစ်ဆိုးတားပြည်နယ်၊ ဘလူးမောင်းစ် (Blue Mounds) ပရယ်ရီမြက်ခင်း၏ မြက်ပင်ရှည်မျာကြားထဲမှ ဘိုင်ဆင်ကျွဲထီး တစ်ကောင်။ သူတို့ကျွဲအုပ်သည် ယူအက်စ်၏ အခြားဘိုင်ဆင်ကျွဲအုပ်များနှင့် မတူသည်မှာ မွေးမြူရေးနွားတို့နှင့် လုံးဝမျိုးမစပ်ယှက်ထားခြင်း ဖြစ်သည်။ အခြားသော ဘေးမဲ့ ပရယ်ရီမြက်ခင်းများအတွက်လည်း ဤဘိုင်ဆင်ကျွဲအုပ်မှ မျိုးသန့်ဘိုင်ဆင်များ မကြာမီ ခွဲပေးနိုင်ပါတော့မည်။ ဤသို့ လုပ်ရန်လည်း အရေးကြီးသည်။ အကြောင်းမှာ မွေးမြူရေးနွားနှင့် မျိုးစပ်ထားသည့် ဘိုင်ဆင်သည် အကောင်ပိုသေးပြီး ပရယ်ရီမြက်ခင်း၏ ဆောင်းကြမ်းကို ဘိုင်ဆင်မျိုးစစ်လောက် မခံနိုင်၍ ဖြစ်ပါသည်။
(ဓာတ်ပုံ –  Jim Brandenburg/Minden Pictures/FLPA)

စားကျက်ရွှေ့နေသည့် ချိုနှစ်ခွ အင်တီလုတ်များ
ခြံစည်းရိုးကို ကြိုးစားပမ်းစား တိုးနေသည့် ချိုနှစ်ခွ အင်တီလုတ်များ။ ၎င်းတို့သည် ဝိုင်ယိုးမင်းပြည်နယ်၊ ဂရန်း တီတန် အမျိုးသားဘေးမဲ့တော (Grand Teton National Park) ထဲမှ မြက်ခင်းများမှနေ၍ ဆောင်းရှောင်ရန် တောင်ဘက်သို့ ရွှေ့လာခြင်း ဖြစ်သည်။ ခြံစည်းရိုးတပ်ကတည်းက ၎င်းတို့ တိုးဖြတ်နိုင်ရန် အောက်ဆုံးကြိုးတန်းတွင် ဆူးတပ်မထားပါ။ (ခြံစည်းရိုးကိုမူ ခုန်မကျော်နိုင်ပါ။) ထူးထူးခြားခြား အပြေးသန်သူများဖြစ်၍ မည်သည့်သားရဲရန်မှမဆို ကိုယ်လွတ်ရုန်းနိုင်မည့် လွင်ပြင်ကျယ်မျိုးကို ၎င်းတို့ ပိုနှစ်သက်ကြသည်။ သို့သော် စားကျက်ရွှေ့ခရီးတစ်လျှောက်တွင် ခြံစည်းရိုး (၇၀) ခန့်ကို ကျော်ဖြတ်ကြရသည်။ နေရာအများစု၌ ခြံစည်းရိုးအောက်မှ လျှိုဝင်ရလေ့ရှိသည်။ လွင်ပြင်နေတိရစ္ဆာန်တို့အတွက် လတ်ဆတ်အားပြည့်သည့် မြက်မျိုးရဖို့ လှည့်လည်ကျက်စားစရာ နေရာကျယ်ကျယ်ဝန်းဝန်းရှိမှ ဖြစ်ပါမည်။
(ဓာတ်ပုံ –  Joe Riis)

[i] ၎င်း၏ နာမည်အပြည့်အစုံမှာ နီကိုလေး ပရက်ဇီဝေါ့စကီ (Nikolay Przhevealsky) ဖြစ်ပြီး သူသည် အဆိုပါမြင်းရိုင်းအပြင်၊ ပရက်ဇ်ဝေါ့စကီ ဂဇဲလ် အင်တီလုတ် (Przewalski’s gazelle)နှင့် ဘို့နှစ်လုံး ကုလားအုတ်ရိုင်း (wild bactrian camel) တို့ကို တွေ့ခဲ့သူလည်း ဖြစ်သည်။ အထက်ပါ မျိုးစိတ် သုံးခုလုံးမှာ ယခုအခါ မျိုးတုံးအန္တရာယ် ကြုံနေရသည့် မျိုးစိတ်များ ဖြစ်သည်။

[ii] Pronghorn သည် အန်တီလိုကက်ပရစ်ဒေး (Antilocapridae) မျိုးရင်းကို ကိုယ်စားပြုသည့် တစ်ခုတည်းသော မျိုးစိတ်ဖြစ်သည်။ ဤမျိုးရင်းသည် မြောက်အမေရိကတိုက်၏ ဒေသခံ ခွာကွဲ စားမြုံ့ပြန်တိရစ္ဆာန်ဖြစ်ပြီး၊ သမင်နှင့် ဒရယ် (ဆားဗစ်ဒေး မျိုးရင်း – Cervidae) လည်း မဟုတ်၊ နွားနှင့် ပိုအမျိုးနွယ်မည့် အင်တီလုတ် အစစ် (မျိုးရင်းခွဲ – Antilopinae) လည်း မဟုတ်ပါ။ စင်စစ် Pronghorn သည် အာဖရိကတိုက်မှ သစ်ကုလားအုတ် မျိုးရင်းနှင့် အမျိုးအနီးဆုံး ခွာကွဲတိရစ္ဆာန် ဖြစ်ပါသည်။


ယခင်ပြကွက်သို့

နောက်ပြကွက်သို့

အထက်ခေါင်းစဉ်သို့